ဆီးချိုကြောင့် မျက်စိမကွယ်စေဖို့
ဆီးချိုရောဂါရှိသူတွေဟာ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် မထိန်းနိုင်ရင် ခေါင်းအစခြေအဆုံး ကိုယ်အင်္ဂါတွေကို ထိခိုက်နိုင်ပြီး နောက်ဆက်တွဲရောဂါတွေ ခံစားရနိုင်ပါတယ်။ အဲဒီထဲမှာ မျက်စိကွယ်တာကလည်း တစ်ခုအပါအဝင်ပါ။
ဆီးချိုကြောင့် မျက်စိထိခိုက်တာကို ဆေးပညာအားဖြင့် Diabetic Retinopathy လို့ ခေါ်ပါတယ်။ မြင်လွှာ (Retina) ရဲ့ အနောက်ဘက်မှာ ရှိတဲ့ အလင်းကို တုန့်ပြန်တဲ့တစ်ရှူးတွေက သွေးကြောတွေ ထိခိုက်ပျက်စီးလို့ ဖြစ်တာပါ။ ဆီးချိုအမျိုးအစား နံပါတ် ၁ ရော ၂ မှာပါ ဖြစ်နိုင်ပြီး ဆီးချိုသက် ကြာလေလေ၊ သွေးတွင်းသကြားဓာတ် မထိန်းနိုင်လေလေ Diabetic Retinopathy ဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်ပါတယ်။
ရောဂါလက္ခဏာအနေနဲ့…
- မျက်စိထဲမှာ မျောနေတဲ့ အရိပ်တွေ မြင်နေရတာ
- အမြင်ဝါးနေတာ
- မြင်ကွင်းထဲမှာ ကွက်မှောင်နေတာ၊ ကွက်ပြီး မမြင်ရဖြစ်နေတာ
- မြင်ကွင်းက မငြိမ်တာ
- အမြင်အာရုံ ကွယ်သွားတာတွေ ဖြစ်နိုင်ပါတယ်။ အစပိုင်းမှာ ရောဂါလက္ခဏာ မပြဘဲလည်း ရှိနိုင်ပါတယ်။
ဒါကြောင့် ဆီးချိုရောဂါရှင်တွေဟာ အနည်းဆုံး တစ်နှစ်တစ်ကြိမ်တော့ မျက်စိဆရာဝန်နဲ့ ပြသပြီး စစ်ဆေးသင့်ပါတယ်။ ဆီးချိုရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်တွေဟာ မျက်စိကို ပိုမိုထိခိုက်နိုင်တာမို့ ကိုယ်ဝန်ဆောင်ကာလမှာ မျက်စိဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဘာကြောင့် ဖြစ်ရသလဲ?
ဆီးချိုရှိပြီး သွေးတွင်းသကြားဓာတ် မြင့်တက်နေတဲ့အခါ မြင်လွှာကို အာဟာရဖြည့်ပေးနေတဲ့ သေးငယ်တဲ့ သွေးကြောလေးတွေ ပိတ်ပြီး မြင်လွှာဆီ သွေးစီးဆင်းမှု ပြတ်တောက်သွားပါတယ်။ အဲဒီအခါ မျက်စိမှာ သွေးကြောအသစ်လေးတွေ ပေါ်လာပြီး သွေးကြောအသစ်တွေက ခိုင်ခံမှုမရှိဘဲ မြင်လွှာနဲ့ ဂျယ်လီလွှာဆီကို သွေးတွေစိမ့်ထွက်လာတာ၊ သွေးကြောတွေဖောင်းပြီး ပေါက်ထွက်တာတွေကြောင့် အမြင်အာရုံ ထိခိုက်နိုင်ပြီး မကုသရင် အမြင်အာရုံ ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။
သွေးကြောအသစ် ဖြစ်တဲ့နေရာက အမာရွတ်တွေကြောင့် မြင်လွှာကွာတာ ဖြစ်နိုင်သလို သွေးကြောအသစ်တွေက မျက်စိထဲက အရည်စီးဆင်းမှုကို ပိတ်ဆို့စေတဲ့အတွက် မျက်စိတွင်း ဖိအားများလာပြီး ရေတိမ်လည်း ဖြစ်စေနိုင်ပါတယ်။
ဆီးချိုရှိပြီး…
- သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ်အောင် မထိန်းနိုင်သူတွေ
- သွေးတိုးရှိသူတွေ
- သွေးတွင်းကိုလက်စထရော များသူတွေ
- ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးသူတွေနဲ့
- ကိုယ်ဝန်ဆောင်တွေမှာ ပိုအဖြစ်များပါတယ်။
Diabetic Retinopathy ရှိနေပြီဆိုတာ သိတာနဲ့ မျက်စိဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှု ခံယူတာက အမြင်အာရုံမဆုံးရှုံးရအောင် ကာကွယ်ပေးပါလိမ့်မယ်။ လေဆာနဲ့ ကုသတာ၊ ဆေးပေးကုသတာ စသဖြင့် သင့်တော်ရာကို ဆရာဝန်ကဆွေးနွေးပြီး ညွှန်ကြားပါလိမ့်မယ်။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းနိုင်ဖို့ ဆီးချိုအထူးကုနဲ့လည်း ပြသဖို့ လိုအပ်ပါတယ်။
Diabetic Retinopathy မဖြစ်အောင် ကာကွယ်ဖို့အတွက်…
- သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပါ။ ဆရာဝန်ညွှန်ကြားတဲ့ဆေးကို မှန်မှန်သောက်ပါ။ အင်ဆူလင်ထိုးရရင် မှန်မှန်ထိုးပါ။ ဆေးအတိုးအလျှော့အတွက် ဆရာဝန်နဲ့ ပုံမှန်ပြပါ။
- တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှားပါ။
- သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းပါ။ သွေးတွင်း ကိုလက်စထရောတွေ ရှိနေရင် ကုသမှု ခံယူပါ။
- အဆီအစိမ့်နဲ့ အချိုတွေ ရှောင်ပြီး အသီးအရွက်တွေ များများစားပါ။ ဆေးလိပ်ဖြတ်ပါ။
- အိပ်ရေးဝအောင် အိပ်ပါ။
- မျက်စိကို အမြဲဂရုပြုပြီး ပုံမှန်မဟုတ်ဘဲ တစ်ခုခုထူးခြားတာနဲ့ မျက်စိဆရာဝန်နဲ့ ပြသပါ။
အမြင်အာရုံဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အရာပါ။ ဆီးချိုရောဂါရှင်တွေ ဆီးချိုကြောင့် အမြင်အာရုံ မဆုံးရှုံးရအောင် ကာကွယ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်